Remote Job ရဲ့ ကောင်းကျိုးဆိုးကျိုးများ

ကျနော်တို့ COVID နောက်ပိုင်းမှာ အလုပ်တွေတော်တော်များများ Work From Home (WFH) လုပ်ကြပြီး မြန်မာမှာ Remote Job တွေခေတ်စားလာခဲ့တယ်။ တစ်ခြား နိုင်ငံတွေမှာတော့ Remote Job တွေကရှိပြီးသားပါ။ ဒါပေမယ့် မြန်မာမှာက 9 to 5 ရုံးတက်လုပ်ရတဲ့အလုပ်တွေပဲရှိပါတယ်။ COVID နောက်ပိုင်းမှာတော့ အလုပ်တွေတော်တော်များများ အိမ်ကနေပဲ လုပ်ကြပြီးတော့ Remote Job တွေတော်တော်လေးပေါ်လာခဲ့ပါတယ်။ တော်တော်များများလဲ Remote Job တွေလုပ်လာကြတယ်။ အဲ့ထဲမှာမှ IT အလုပ်တော်တော်များများကလည်း Remote Job ခေါ်တာတွေများလာခဲ့တယ်။​ IT သမားတွေလည်း Remote Job တွေတော်တော်များများလုပ်လာကြတယ်။

ကျနော်ကိုယ်တိုင်လည်း COVID နောက်ပိုင်း Japan က Remote Job တစ်ခုကို Join ပြီးလုပ်ခဲ့တယ်။ အဲ့အလုပ်မှာစလုပ်ပြီးနောက်ပိုင်း ကျနော်ကိုယ်တိုင် Remote လုပ်ရတာကို အရမ်းကြိုက်လာခဲ့တယ်။​ ဘာကြောင့်လဲဆိုတော့ မနက်အစောကြီးထပြီး ရုံးသွားရတာ တော်တော်လေးသက်သာသွားတယ်။ ကားတိုးစီးတာတွေ ရုံးနောက်ကျလို့ လစာဖြတ်ခံရတာတွေလုံးဝမရှိတော့ဘူး။ မနက်မိုးလင်းတာနဲ့ အလုပ်ချိန်ရောက်တာနဲ့ အလုပ်စားပွဲရှေ့ထိုင်လိုက်ရုံပဲ။ ပြီးရင် တစ်နေကုန်အိမ်မှာပဲ အလုပ်လုပ်၊​ အလုပ်နည်းနည်းပါးရင် ခနတဖြုတ်လှဲပြီး အနားယူချင်ယူ မယူချင် တစ်ခုခုလေ့လာနေပေါ့။ နေ့လည်ထမင်းစားချိန်ဆိုလည်း အေးဆေး မိသားစုနဲ့ထမင်းစား။ တော်တော်လေးကို မိုက်ပြီး တော်တော်လေးသဘောကျဖို့ကောင်းတယ်။

ဒါပေမယ့် တော်တော်များများမသိကြတဲ့ Remote Job ရဲ့ ကောင်းတဲ့အချက်တွေအများကြီးရှိသလို ဆိုးတဲ့အချက်တွေလည်း အများကြီးရှိပါတယ်။ အခုနောက်ပိုင်းမှာ Junior Developer တွေ အခုမှ အလုပ်စလုပ်မယ့်သူတွေက Remote Job ကိုပဲလုပ်ချင်နေကြတယ်။ သူတို့တွေက Remote Job ရဲ့ ကောင်းတဲ့အချက်တွေကိုပဲ​သိပြီး ဆိုးတဲ့အချက်တွေကို မသိသေးလို့ပါ။ ဘယ်အရာမဆို ဆိုးတဲ့အချက်နဲ့ ကောင်းတဲ့အချက်ဆိုတာကတော့ အမြဲဒွန်တွဲနေတာပါပဲ။

အခု ကျနော်ကိုယ်တိုင်လက်ရှိကြုံတွေခဲ့ရတဲ့ Remote Job ရဲ့ ကောင်းတဲ့အချက်နဲ့ ဆိုးတဲ့အချက်တွေကို ပြောပြပေးပါမယ်။

Remote Job ရဲ့ ကောင်းတဲ့အချက်များ

  • အိမ်မှာပဲ လုပ်ရတာတဲ့ဖြစ်တဲ့အတွက်ကြောင့် အလုပ်သွား အလုပ်ပြန် လုပ်စရာမလိုတော့ပဲ အချိန်ကုန်သက်သာသွားပါတယ်။ အလုပ်သွားတဲ့အခါ ကားပိတ်တာတွေ အလုပ်ပြန်တဲ့အခါ ကားပိတ်တာတွေ မရှိတော့တဲ့အတွက် လမ်းမှာအချိန်ကုန်တာတွေတော်တော်လေးသက်သာသွားပါတယ်။
  • ရုံးအသွားအပြန်လုပ်တဲ့အခါ Transportation ခ, အပြင်မှာစားသောက်တာတွေ, ရုံးအဝတ်အစားကုန်ကျစရိတ် စတာတွေတော်တော်လေးသက်သာသွားတယ်။
  • Remote Job ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့နေရာကို ကိုယ့်စိတ်ကြိုက်ရွေးနိုင်ပါတယ်။ အခန်းထဲမှာပဲ တစ်ယောက်တည်း အလုပ်လုပ်မလား။ ဒါမှမဟုတ် ကော်ဖီဆိုင်မှာ ပဲ အလုပ်လုပ်မလား။ ကိုယ်ကြိုက်တဲ့နေရာမှာ အေးဆေးလုပ်လို့ရတယ်။
  • အိမ်မှာပဲလုပ်ရတာဖြစ်တဲ့အတွက်ကြောင့် မိသားစုကို အချိန်ပိုပေးနိုင်တယ်။ အလုပ်နဲ့ကိုယ်ပိုင်အချိန်ကို ကိုယ်တိုင်စီမံနိုင်တဲ့ အတွက်ကြောင့် Work-Life Balance ဖြစ်တယ်။
  • နောက်ကောင်းတဲ့တစ်ချက်က ကိုယ့်အလုပ်က အလုပ်တွေပဲအမှတ်ပဲ အပြင်က Freelance Job တွေလဲရှာပြီးလုပ်လို့ရတယ်။ အဲ့တော့ ဝင်ငွေက တစ်ခုတည်းမဟုတ်တော့ပဲ နောက်တစ်ခုကို ထပ်ရှာနိုင်တယ်။ ရုံးမှာဆိုရင် အဲ့လိုမျိုးလုပ်လို့မရဘူး။
  • Company ရဲ့ Working Hour ပေါ်မူတည်ပြီး ကိုယ်အဆင်ပြေတဲ့အချိန် အလုပ်လုပ်နိုင်တဲ့ အလုပ်တွေလဲရှိတယ်။ ကျနော်လုပ်ခဲ့တဲ့အလုပ်ဆိုရင် မြန်မာအချိန် မနက် ၁၁ ခွဲကနေ ညနေ ၅ နာရီခွဲအထိလုပ်ရပြီး ကျန်တဲ့ ၃ နာရီကို ညပိုင်း ကိုယ်အားတဲ့အချိန်လုပ်လို့ရတယ်။ အဲ့တော့ မနက်အစောကြီးထစရာမလိုပဲ အေးဆေးအလုပ်လုပ်လို့ရတယ်။

Remote Job ရဲ့ ဆိုးတဲ့အချက်များ

  • အိမ်မှာပဲ အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် အလုပ်ချိန်ပြီးသွားတာတောင် အလုပ်ကိုဆက်လုပ်နေမိနိုင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့လိုမျိုးဖြစ်ခဲ့ပါတယ်။ အဲ့တော့ အလုပ်နဲ့ ကိုယ်ပိုင်အချိန်ခွဲရတာနည်းနည်းတော့ခက်ပါတယ်။ ညပိုင်းမှာ အရေးကြီးလုပ်စရာပေါ်လာတဲ့အခါမျိုးမှာလဲ ထလုပ်ပေးရတာမျိုးတွေလဲ ရှိပါတယ်။
  • ကိုယ့်ရဲ့ Team Members တွေနဲ့ Face to face မတွေ့ရတာကြောင့် Requirements တွေ Task တွေ နားလည်မှုလွဲနိုင်ပါတယ်။ အဲ့ဒါကြောင့် Remote Job က Communication ပိုင်းတော်တော်လေးအားနည်းပါတယ်။
  • နောက်တစ်ချက်က Team Work အားနည်းတာပါ။ Office မှာလို ချက်ချင်းဆွေးနွေးတာ၊ အတူတူ Problem ဖြေရှင်းတာတွေက ခက်ခဲနိုင်ပါတယ်။
  • ကိုယ့်ရဲ့ Team Members တွေ office က လူတွေနဲ့ မတွေ့ရပဲ တစ်ယောက်တည်း အလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် ကြာလာတဲ့အခါ အထီးကျန်လာပါတယ်။​ မိသားစုနဲ့ အတူတူရှိနေပေမယ့်လည်း အလုပ်လုပ်နေတာနဲ့ မတူပါဘူး။ တစ်ယောက်တည်းအလုပ်လုပ်ရပါများလာရင် အထီးကျန်လာပါတယ်။
  • အိမ်မှာဆိုရင် မိသားစု၊ အိမ်မှုကိစ္စ၊ ဖုန်း၊ Social Media တွေကြောင့် focus ပျက်နိုင်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ အဲ့လိုကြုံခဲ့ရပါတယ်။ focus တော်တော်လေးထားနိုင်မှအဆင်ပြေမှာပါ။
  • အင်တာနက် မကောင်းတာ၊ မီးပျက်တာတွေရှိရင်လဲ အလုပ်ကိုထိခိုက်နိုင်ပါတယ်။​ office မှာဆိုရင် အဲ့ပြသနာတွေမရှိပါတယ်။ မီးပျက်လို့ မီးစက်၊ အင်ဗာတာနဲ့ တစ်ခြားဟာတွေနဲ့ လုပ်လို့ရပေမယ့် အင်တာနက်ပျက်သွားတဲ့အခါမှာဆိုရင် အလုပ်လုပ်ရတာ တော်တော်လေးခက်ခဲပါတယ်။
  • နောက်ဆုံးတစ်ချက်ကတော့ Office မှာဆိုရင် Senior တွေဆီက တိုက်ရိုက်သင်ယူလို့ရပေမယ့် Remote Job လုပ်တဲ့အခါကြရင်တော့ ကိုယ်တိုင်သင်ယူရတာ ကိုယ်တိုင်ဖြေရှင်းရတာတွေအများကြီးရှိပါတယ်။ ဒီအချက်ကတော့ Junior တွေနဲ့ အခုမှအလုပ်စလုပ်မယ့်သူတွေအတွက်တော်တော်လေးအရေးကြီးပါတယ်။

ကျနော်ပြောခဲ့တဲ့ Remote Job ရဲ့ ကောင်းတဲ့အချက်နဲ့ ဆိုးတဲ့အချက်တွေကို သေချာလေးနားလည်ထားမယ်ဆိုရင် ကိုယ်က Remote Job လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်သွားလိမ့်မယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Peace ✌️